နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓဝင်
သတ္တ၀ါတစ်ဦး တစ်ယောက်သည် သံသရာကျင်လည်ရာ၌ မရေမတွက် နိုင်သော ကပ်ကမ္ဘာတို့ကို ကျော်လွှား ဖြတ်သန်းခဲ့ရသည်။ သန္တိသုခဖြစ်သော နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ
သံသရာအလည် ပြတ်၍ ကပကမ္ဘာတို့ကို ကျော်ဖြတ်ရမှုမှ ကင်းဝေးတော့၏။ ထိုသို့ ကျော်ဖြတ်ခဲ့ရသော မရေမတွက် နိုင်သော ကပ်ကမ္ဘာများအနက် ဘုရားရှင်များပွင့်ရာ ကပ်ကမ္ဘာသည် လွန်မင်းစွာ နည်းပါးပြီး ဘုရားရှင်များ မပွင့်သော သုညကပ်ကမ္ဘာများကသာ မရေမတွက် နိုင်လောက်အောင် များလှပါသည်။ ဘုရားရှင်များပွင့်သော ကမ္ဘာသည် ---
(၁) သာရကမ္ဘာ
(၂) မဏ္ဍကမ္ဘာ
(၃) ၀ရကမ္ဘာ
(၄) သာရမဏ္ဍကမ္ဘာ
(၅) ဘဒ္ဒကမ္ဘာ ဟု ငါးမျိုးရှိသည်။ ထိုငါးမျိုးသော ကပ်ကမ္ဘာတို့အနက် သာရကမ္ဘာတွင် ဘုရားရှင်တစ်ဆူသာ၊ မဏ္ဍကမ္ဘာတွင် ဘုရားရှင်နှစ်ဆူ၊ ၀ရကမ္ဘာ တွင် ဘုရားရှင်သုံးဆူ၊ သာရမဏ္ဍကမ္ဘာတွင် ဘုရားရှင်လေးဆူတို့ အသီး သီးပွင့်တော်မူခဲ့ကြပြီး ဤဘဒ္ဒကမ္ဘာတွင် ဘုရားရှင်ငါးဆူတို့ ပွင့်တော်မူကြပါမည်။ ဤဘဒ္ဒကမ္ဘာ၌ လေးဆူမြောက် ဂေါတမဘုရားရှင် ပွင့်တော်မူပြီးဖြစ်၍ ယခုအချိန်သည် ထိုဂေါတမဘုရားရှင်၏ သာသနာတော်တွင်း ကာလဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် အလောင်းတော်ဘ၀ဖြင့် ဘုရားဖြစ်ဖို့ရန် စိတ်တော်၌ ကြံစည်ဆုတောင်းခဲ့သည့် ကာလက ခုနစ်အသင်္ချေ၊ နှုတ်တော်၌ ဆုတောင်းပေးခဲ့သော ကာလက ကိုးအသင်္ချေ၊ ကိုယ်နှုတ်စိတ်တို့ဖြင့် ဆုတောင်းခဲ့သော ကာလက လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ပေါင်းအသင်္ချေနှစ်ဆယ်နှင့် ကမ္ဘာတစ်သိန်းတို့ တိုင်တိုင် ဆုတောင်းခဲ့ပါသည်။ ထိုသို့ ဆုတောင်းခဲ့သော ကာလများအနက် ဘုရားဖြစ်ရန် ကျိန်းသေသော နိယတဗျာဒိတ်ခံယူ ရရှိခဲ့သည့် ကာလမှာ လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းဖြစ်၏။ ထိုလေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်း ကာလ အတွင်း နောက်ဆုံး ပွင့်တော်မူသော ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင် အပါအ၀င် ပွင့်တော်မူပြီး ဘုရားရှင်များမှာ ---
(၁) တဏှင်္ကရာ ဘုရားရှင်
(၂) မေဓင်္ကရာ ဘုရားရှင်
(၃) သရဏင်္ကရာ ဘုရားရှင်
(၄) ဒီပင်္ကရာ ဘုရားရှင်
(၅) ကောဏ္ဍည ဘုရားရှင်
(၆) မင်္ဂလ ဘုရားရှင်
(၇) သုမန ဘုရားရှင်
(၈) ရေ၀တ ဘုရားရှင်
(၉) သောဘိတ ဘုရားရှင်
(၁၀) အနောမဒဿီ ဘုရားရှင်
(၁၁) ပဒုမ ဘုရားရှင်
(၁၂) နာရဒ ဘုရားရှင်
(၁၃) ပဒုမုတ္တရ ဘုရားရှင်
(၁၄) သုမေဓ ဘုရားရှင်
(၁၅) သုဇာတ ဘုရားရှင်
(၁၆) ပိယဒဿီ ဘုရားရှင်
(၁၇) အတ္ထဒဿီ ဘုရားရှင်
(၁၈) ဓမ္မဒဿီ ဘုရားရှင်
(၁၉) သိဒ္ဓတ္ထ ဘုရားရှင်
(၂၀) တိဿ ဘုရားရှင်
(၂၁) ဖုဿ ဘုရားရှင်
(၂၂) ၀ိပဿီ ဘုရားရှင်
(၂၃) သိခီ ဘုရားရှင်
(၂၄) ဝေဿဘူ ဘုရားရှင်
(၂၅) ကကုသန္ဓ ဘုရားရှင်
(၂၆) ကောဏာဂမန ဘုရားရှင်
(၂၇) ကဿပ ဘုရားရှင်
(၂၈) ဂေါတမ ဘုရားရှင် ဟူ၍နှစ်ဆယ့်ရှစ်ပါး တို့ဖြစ်ပါသည်။ ထိုနှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့အနက် နှစ်ဆယ့်လေးပါးသော ဘုရားရှင်တို့၏ အထံတော်တွင် ကျွန်ုပ်တို့၏ ဂေါတမဘုရားရှင်သည် နိယတဗျာဒိတ်တော်ကို ဆင်မြန်းရရှိတော်မူခဲ့သည်။ ဂေါတမဗုဒ္ဓ လောင်းလျာသည် ထိုသာရ မဏ္ဍကမ္ဘာ၌ ပွင့်တော်မူသော ဘုရားရှင်လေးဆူတို့အနက် နောက်ဆုံး ဖြစ်သော ဒီပင်္ကရာဘုရားရှင် ထံတော်မှောက်၌ နိယတဗျာဒိတ်ကို စတင်ခံယူခဲ့ပါသည်။ ဒီပင်္ကရာ ဘုရားရှင်နှင့် ကပ်ကမ္ဘာတူတွင် ပွင့်တော်မူကြသော ဘုရားရှင် သုံးဆူကိုပါ ထည့်သွင်း၍ ဤဗုဒ္ဓ၀င်၌ ဖော်ပြထားပါသည်။
Blogger dream
DeveloperCras justo odio, dapibus ac facilisis in, egestas eget quam. Curabitur blandit tempus porttitor. Vivamus sagittis lacus vel augue laoreet rutrum faucibus dolor auctor.


0 comments:
Post a Comment