ပါရမီဆယ်ပါး အပြားသုံးဆယ်

by 9:04 AM 0 comments

 (၁)    ဒါန ပါရမီ 
ဒါနသည် စွန့်ခြင်း လက္ခဏာ ရှိ၏၊ ငြိတွယ်သော လောဘကို ဖျက်ဆီးခြင်း ကိစ္စ ရှိ၏၊ မငြိ မတွယ်ခြင်းလျှင် ဉာဏ်၌ထင်သော အခြင်းအရာ ရှိ၏၊ စွန့်လှူထိုက်သော ဝတ္ထုလျှင် နီးစွာသောအကြောင်း ပဒဋ္ဌာန် ရှိ၏။  
(၂)    သီလ ပါရမီ 
သီလသည် ကိုယ်,နှုတ် နှစ်ပါးကို သိမ်းဆည်းသောအား ကောင်းစွာထားခြင်း လက္ခဏာ ရှိ၏၊ မကောင်းသော ကိုယ်,နှုတ်အမှု ဟူသော အကုသိုလ် ဓမ္မကို ဖျက်ဆီးခြင်း ကိစ္စရှိ၏ ကိုယ်,နှုတ် အမှု ဖြူစင် သန့်ရှင်းခြင်း လျှင် ထင်သော ပစ္စပဋ္ဌာန်ရှိ၏၊ မကောင်းမှု တို့ပြုရန် ရှက်,ကြောက်ခြင်းလျှင် နီးစွာသော
အကြောင်း ပဒဋ္ဌာန် ရှိ၏။  (၃)    နေက္ခမ ပါရမီ 
နိက္ခမသည် ကာမမှ လည်းကောင်း, ဘဝမှ လည်းကောင်း ထွက်ခွာ ကျွတ်လွတ်ခြင်း လက္ခဏာ ရှိ၏။ ကာမ၏ အပြစ်, ဘဝ၏အပြစ် တို့ကို အလင်းထင်အောင် ပြခြင်း ကိစ္စ ရှိ၏။ ထိုကာမ ဘဝကိုသာလျှင် မတွေ့လိုမှု, မျက်ကွယ်ပြု လိုသော အဖြစ်လျှင် ထင်သော ပစ္စပဌာန် ရှိ၏၊ ကာမဘေး, ဘဝဘေး တို့မှ ထိတ်လန့်သော အကြောင်း ပဒဌာန် ရှိ၏။  
(၄)    ပညာ ပါရမီ 
ပညာသည် သဘာဝ ဟုတ်မှန်တိုင်းသော သဘောတရားကို ထိုးထွင်း၍ သိမြင်ခြင်း လက္ခဏာ ရှိ၏။ ဉာဏ်၏အရာ အာရုံ ဓမ္မ သဘာဝကို ထွန်းပြခြင်း ကိစ္စ ရှိ၏။ မတွေမဝေခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏။ စိတ်၏ တည်ကြည်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။  
(၅)    ဝီရိယ ပါရမီ 
ဝီရိယသည် အားသစ် ကြိုးပမ်းခြင်း လက္ခဏာ ရှိ၏၊ စိတ်ကို မလျော့မရဲ ခိုင်မြဲ တင်းရင်းအောင် ထောက်ပံ့ခြင်း ကိစ္စ ရှိ၏၊ မတွန့်မဆုတ် ခြင်းလျှင် ထင်သော ပစ္စုပဌာန် ရှိ၏၊ ဇာတိဘေး, ဇရာဘေး, ဗျာတိဘေး, မရဏဘေး, စသည်တို့ကို တွေးမိလေတိုင်း အလှိုင်းတကြီး အားသည်းဆွေ့ခုန် နှလုံးတုန်ခြင်းလျှင် နီးစွာသော အကြောင်း ပဒဌာန် ရှိ၏။  
(၆)    ခန္တီ ပါရမီ 
ခန္တီသည် နှလုံးခိုင်ခန့်ခြင်း လက္ခဏာ ရှိ၏၊ လောက ဓလေ့ ကြိုက်ကြုံတွေ့လည်း မရွေ့မယိုင် သည်းခံနိုင်ခြင်း ကိစ္စ ရှိ၏၊ သူတထူးတို့ ကျူးကျူး လွန်လွန် ဝန်တာပြစ်ဖို့ ပြု့သည်တို့ကို သူသို့တဖန် အမျက်မာန်ဖြင့် လှန်ပြန် မရှိ သည်းခံချိခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာ ရှိ၏၊ ဟုတ်မှန် တိုင်းသော ဓမ္မ သဘောကို မြင်နိုင်သော ဉာဏ်လျှင် ပဒဋ္ဌာန် ရှိ၏။  
(၇)    သစ္စာ ပါရမီ 
သစ္စာသည် သူတပါးကို မှတ်မှား,ယူမှား တိမ်းပါးချော်ချွတ်အောင် မပြုခြင်း လက္ခဏာ ရှိ၏၊ မိမိသိတိုင်း မြင်တိုင်း ဟုတ်မှန် တိုင်းကိုသာ အလင်းဖွင့်ပြခြင်း ကိစ္စ ရှိ၏၊ မြွက်ဆိုသမျှ ယုံကြည်ရ၍ သြဇာနှစ်ဆီ ချိုဆိမ့်အီသော စကား ရှိသည်၏ အဖြစ်လျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ကိုယ်အမှု, နှုတ်အမှု ဖြူဖြောင့်မွေ့ခြင်း၌ အလေးဂရုပြုခြင်းလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန်ရှိ၏။  
(၈)    အဓိဋ္ဌာန် ပါရမီ 
အဓိဋ္ဌာန်သည် သဗ္ဗညု ဗောဓိ- ပစ္စေက ဗောဓိ- သာဝက ဗောဓိ ဟူသော ဗောဓိသုံးမျိုးတို့၏ အချေမူလ သမ္ဘာရ ဖြစ်ကုန်သော ဒါနမှု, သီလမှု, နိက္ခမမှု, ပညာမှု စသည်တို့၌ မရွေ့မယိုင် ကြံ့ခိုင်စွဲမြဲခြင်း လက္ခဏာ ရှိ၏၊ ထိုသမ္ဘာရမူ တို့၏ ဆန့်ကျင်ဘက် အသင်းကို နှိပ်နင်း ပယ်ရှားခြင်း ကိစ္စ ရှိ၏၊ ထိုသမ္ဘာရမူတို့၌ မလှုပ်မရှားသည်၏ အဖြစ်လျှင် ထင်ရှားသော ပစ္စုပဋ္ဌာန် ရှိ၏၊ ဒါန စသော ဗောဓိမူလ တရားစုလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။ 
 (၉)    မေတ္တာ ပါရမီ 
မေတ္တာသည် သတ္တဝါတပါး ကျေးဇူးများအံ့သော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ သူတပါး၏ ကောင်းကြိုးကို လွန်စွာ သယ်ပိုးခြင်း ကိစ္စ ရှိ၏၊ လပြည့်ဝန်း ကဲသို့ ရွှန်းရွှန်းကြည်ဆွ အေးမြ ငြိမ်းချမ်းသော စိတ်သဘောလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ သတ္တဝါတို့၏ နှစ်သက်ဖွယ်သော ဂုဏ်ကိုသာ ရှုမြင်တတ်သော ဉာဏ်လျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။ 
(၁၀)  ဥပေက္ခာ ပါရမီ 
 ဥပေက္ခာသည် ချီးမြှောက်, ရှုတ်ချ နှစ်ဌာန၌ တူမျှ သမှု လျစ်လျူရှုသော အခြင်းအရာအားဖြင့် ဖြစ်ခြင်း လက္ခဏာ ရှိ၏၊ ညီမျှသော သဘောအားဖြင့် ရှုခြင်း ကိစ္စ ရှိ၏၊ မုန်းသည်, ချစ်သည် နှစ်မည်နှစ်သင်း ကင်းငြိမ်းခြင်းလျှင် ထင်သော ပစ္စုပဋ္ဌာန် ရှိ၏၊ ဘယ်သူမပြု မိမိမှုဟု အရှုအဆင်ခြင်း ကောင်းစွာမြင်သော ဉာဏ်ပညာလျှင် နီးစွာသော အကြောင်း ပဒဋ္ဌာန် ရှိ၏။  

၁။ မူလ(ရိုးရိုး)ပါရမီ(၁၀)ပါး ကိုယ်ပိုင်ဆိုင်သော ပစ္စည်းဥစ္စ အရာဝတ္ထုအားလုံးကို စွန့်လွှတ် လှူဒါန်းခြင်း။ (အလှူခံလာပါက ဇနီးမယား၊ သမီး သားတို့ကိုလည်း စွန့်လွှတ် လှူဒါန်းခြင်း။ )  

၂။ ဥပပါရမီ(၁၀)ပါး ကိုယ်ခန္ဓာနှင့် ဆက်စပ်သော ပိုယ်အင်္ဂါ အစိတ်အပိုင်း အားလုံးကို စွန့်လွှတ် လှူဒါန်းခြင်း။( ကိုယ်အင်္ဂအစတ်အပိုင်းဟူသည် မျက်စိ၊ လက်၊ ခြေ စသည့် လိုအပ်တာမှန်သမျှ စွန့်လွှတ် လှူဒါန်းခြင်း။ )  

၃။ ပရမတ္ထပါရမီ(၁၀)ပါး ကိုယ့်အသက်ကို မငဲ့ကွက်ဘဲ၊ အသက်စွန့်ကာ စွန့်လွှတ် လှူဒါန်းခြင်း။ ။ (အသက် အသေခံကာ လှူဒါန်းမှုမှန်သမျှ ပရမတ္ထပါရမီပင်တည်း။) 

ပါရမီ (၁၀)ပါးကို ဤ ၃-ပါးဖြင့် မြှောက်ပါက အပြား(၃၀)ဖြစ်၏။   ဥပမာ - ဒါနပါရမီသည် ၁။ဒါနပါရမီ၊ ၂။ဒါနဥပပါရမီ၊ ၃။ဒါနပရမတ္ထပါရမီ ဟူ၍ သုံးပါးစီ ဖြစ်လာ၍ ပရမီ(၁၀)ပါးမှသည် အပြား(၃၀) ဖြစ်လာရပါသည်။

Blogger dream

Developer

Cras justo odio, dapibus ac facilisis in, egestas eget quam. Curabitur blandit tempus porttitor. Vivamus sagittis lacus vel augue laoreet rutrum faucibus dolor auctor.

0 comments:

Post a Comment