ဝိပဿ နာဥာဏ်စဉ်များ ဖြစ်ပေါ်ပုံ အပိုင်း(၃)

by 7:22 AM 0 comments
မှတ်တိုင်း မှတ်တိုင်း အာရုံနှင့် မှတ်စိတ်တို့ကို မကောင်းဘူးဟု အပြစ်မြင်သော အသိဥာဏ်သည်  အာဒီနဝဥာဏ် 
မည်၏။ထိုအခါ၌ မကောင်းတာတွေနှင့် မပြတ်တွေ့နေရသည်ဟု ထင်ရ၏။ ဘယ်လိုပင် အမှတ်အသိကောင်းနေသော်လည်း မှတ်ရတာ အရသာမရှိသကဲ့သို့ ထင်ရ၏။ မှတ်တိုင်း မှတ်တိုင်း
ခြောက်သွေ့သွေ့ဖြစ်လျက်၊ ပျင်းရိ ငြီးငွေ့ဘွယ်ဟု ထင်မြင်သော ဥာဏ်သည် နိဗ္ဗိဒါဥာဏ် မည်၏။ ထိုအခါ၌ ပျင်းရိသလိုလို၊ အားလျော့သလိုလို ဖြစ်နေတတ်၏။ သို့သော် မမှတ်ဘဲလဲ မနေနိုင်။ တကယ်ပျင်းရိသည်ကား မဟုတ်ပေ။ မှတ်ခိုက်မှာရော ဆင်ခြင်ခိုက်မှာရော ဒုက္ခလက္ခဏာ များစွာထင်လျက် ငြီးငွေ့ဘွယ်ကိုသာ တွေ့ရသောကြောင့် မှတ်ရသော အာရုံသင်္ခါရနှင့် မှတ်မှု ၀ိပဿနာ သင်္ခါရတို့ကို စွန့်လွှတ်လိုသော စိဖြစ်ပေါ်၏။ ထိုသင်္ခါရတို့မှ လွတ်မြောက်သာ လွတ်မြောက်လိုတော့၏။ မှတ်ခိုက် မှတ်ခိုက်မှာပင် အလိုလို ဖြစ်ပေါ်လာသော ဤစွန့်လိုမှု လွတ်မြောက်လိုမှုသည် မုဉ္စိတုမမျတာဥာဏ် မည်၏။ ထိုအခါ၌ တပျက်တည်း ပျက်နေသော အာရုံတွေနှင့် မှတ်သိမှုတွေ လုံးဝမရှိမှ ကောင်းမည် ဟူ၍လည်း ဆင်ခြင်မိတတ်၏။ သင်္ခါရ ငြိမ်းရာ နိဗ္ဗာန်ဆီသို့ ညွှတ်ကိုင်းခြင်းပေတည်း။ သင်္ခါရတို့မှ လွတ်မြောက်လိုသောကြောင့် မြန်မြန်ကြီး လွတ်မြောက်စေရန် အင်တိုက်အားတိုက် ကြိုးစား၍ မှတ်မြဲပင် တဖန် မှတ်ပြန်သော အခါ၌ တကိုယ်လုံးရှိ ရုပ်နာမ် အလုံးစုံကို အလွန်မခံသာသော ရောဂါ အစုအဝေးကြီးကဲ့သို့ လည်းကောင်း၊ ဒုက္ခတုံး ဒုက္ခခဲကြီးကဲ့သို့ လည်းကောင်း ထင်ရတတ်၏။ ကိုယ်လက်ခြေ က္ကရိယာပုထ်များကိုလည်း ကြာရှာစွာ ငြိမ်ငြိမ် မထားနိုင်ဘဲ ခဏခဏ ပြုပြင်လိုတတ်၏။ အမှတ်အသိမှာ တစ်ချက်မှတ် တစ်ခါပျောက်အားဖြင့် ကောင်းနေငြားသော်လည်း မကောင်းသေးဘူး ဟူ၍ ထင်လျက် အားမရနိုင်ဘဲ ရှိတတ်၏။ နောက်ပိုင်း၌ကား အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာတို့ကို အထူးထင်ရှားစွာ တွေ့ရလျက် သွက်လက် လျင်မြန်စွာ အမှတ်ကောင်းနေတတ်၏။ ဤသို့ တဖန် ရှုမှတ်၍ အထူးသိမြင်သောဥာဏ်သည် ပဋိသင်္ခါမဥာဏ်မည်၏။ ထင်ပေါ်သမျှ ရုပ်နာမ်တို့ကို အထူးကြောင့်ကြ မစိုက်ရတော့ဘဲ သူ့အလိုလိုပင် မှတ်သိပြီး ဖြစ်လျက် အာရုံနှင့် မှတ်စိတ်တို့၏ အပျက်ကို လွယ်ကူ သိမ်မွေ့စွာ တဆက်တည်း တစဉ်တည်း အရှိန်မပျက် သိနေသော ဥာဏ်သည် သင်္ခါရုပေက္ခာဥာဏ် မည်၏။ ထိုအခါ၌ အာရုံထင်ပေါ်စေရန်လည်း ကြောင့်ကြမစိုက်ရပြီ။ မှတ်မိစေရန်လည်း ကြောင့်ကြ မစိုက်ရပြီ။ တမှတ်တမှတ်ဆုံးသွားလျှင် တဖန်မှတ်စရာ အာရုံသည် အလိုလိုပင် ထင်ပေါ်လျက် ရှိ၏။ ထိုအာရုံကို အလိုလိုပင် မှတ်သိမိလျက်ရှိ၏။ ကုန်ပျက်မှုကို တွေ့နေရသော်လည်း အာရုံသည် အလိုလိုပင် ထင်ပေါ်လျက် ရှိ၏။ ထိုအာရုံကို အလိုလိုပင် မှတ်သိမိလျက်ရှိ၏။ ကုန်ပျက်မှုကို တွေ့နေရသော်လည်း ရှေးကလို ကြောက်ခြင်း အပြစ်မြင်ခြင်း၊ ငြီးငွေ့ခြင်း လွတ်လိုခြင်း အားမရခြင်းများ မဖြစ်လာပြီ။ မခံသာမှု ဒုက္ခ ဝေဒနာကို တွေ့ရသော်လည်း စိတ်မချမ်းသာခြင်း မဖြစ်ပြီ။ များသောအားဖြင့်ကား ထိုအခါ၌ ဒုက္ခဝေဒနာများ လုံးဝကင်းငြိမ်းလျက်သာ ရှိတတ်ပေသည်။အာရုံကောင်းများကို တွေ့ရသော်လည်း ရှေးကလို အလွန်အကဲဝမ်းသာခြင်း မဖြစ်ပြီ။ အမှတ်အသိမှာ အလွန်ငြိမ်သက် သိမ်မွေ့စွာ ကောင်းနေသော်လည်း၊ ထိုအတွက် ရှေးကလို အလွန်အကဲ ၀မ်းသာခြင်း အားတက်ခြင်းများ မဖြစ်လာပြီး အာရုံနှင့် မှတ်သိမှုများအပေါ်၌ မချစ်မမုန်း ညီမျှစွာ ဖြစ်လျက်၊ အမှတ်မှာ သူ့အရှိန်နှင့်သူ သွားလျက် ရှိ၏။ မပြုပြင်ဘဲ မှတ်နေမည် ဆိုလျှင် ၂ နာရီ၊ ၃ နာရီ ကြာသော်လည်း အခြေမပျက်၊ ကောင်းမြဲပင် ကောင်းနေ၏။ မပြုပြင်ဘဲ မှတ်နေမည်ဆိုလျှင် ၂ နာရီ၊ ၃ နာရီ ကြာသော်လည်း အခြေမပျက် ကောင်းမြဲပင် ကောင်းနေ၏။ တစ်နေ့လုံး တစ်ညလုံးသော်လည်း မှတ်နေနိုင်မည်ဟု ထင်ရတတ်၏။ စိတ်ကို တခြားသို့ ပို့သော်လည်း ကြာရှာစွာမသွား။ မှတ်မှုသို့သာလျှင် ပြန်ပြန်ရောက်လာ၏။ ဒွါရ ၆ ပါးသို့ ဖြန့်၍ အာရုံများစွာကို မှတ်ရန် အားထုတ်သော်လည်း ဖြန့်၍မရဘဲ သူမှတ်နေကျ အာရုံများတွင်သာလျှင် မှတ်သိလျက် ဖြစ်နေတတ်၏။ သင်္ခါရုပေက္ခာဥာဏ် အားပြည့်လျှင် အချို့ပုဂ္ဂိုလ်မှာ မှတ်အပ်သော အာရုံနှင့် မှတ်သိမှုတို့၏ လျင်မြန်စွာ ကုန်ဆုံးသွားသော အားဖြင့် အနိစ္စ လက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက်၊ မှတ်သိမှုသည် အဟုန်ဖြင့် ပြေးလာသကဲ့သို့ တစ်ကြိမ်ထက် တစ်ကြိမ် အထူးလျင်မြန်စွာ ဖြစ်ပေါ်၏။ အချို့ပုဂ္ဂိုလ်မှာ မခံသာသော သဘော၊ မကောင်းသော သဘောအားဖြင့် ဒုက္ခ လက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်၏။။ အချို့ ပုဂ္ဂိုလ်မှာ ချစ်ဖွယ် မုန်းဖွယ် ကင်းမဲ့သည့် သဘောတရား အနေအားဖြင့် အနတ္တလက္ခဏာ အထူးသန့်ရှင်းစွာ ထင်လျက် ထူးခြားသော မှတ်သိမှုများ ဖြစ်ပေါ်၏။ ၀ုဋ္ဌနဂါမိနီ ၀ိပဿနာ၏ အစ ခေါင်ထိပ်သို့ ရောက်သော သင်္ခါရုပေက္ခာ ပေတည်း။ ဤထူးခြားသော အမှတ်အသိများ ၂ ကြိမ်၊ ၃ ကြိမ် စသည် ဖြစ်ပေါ်ပြီးလျှင် နောက်ဆုံး မှတ်သိမှု ပြီးဆုံးသွားသည်နှင့် တပြိုင်နက် အာရုံနှင့် မှတ်သိမှု အလုံးစုံ တိကနဲ ပြတ်သွားသကဲ့သို့လည်းကောင်း၊ အကုန်လုံး မြှုပ်ကွယ်သွားသကဲ့သို့လည်းကောင်း သင်္ခါရ ချုပ်ငြိမ်းရာ နိဗ္ဗာန်အာရုံသို့ ဆိုက်ရောက် ပြေးဝင်သွား၏။ ဤသို့ဖြစ်ရာတွင် ထူးခြားသော နောက်ဆုံး အမှတ်အသိသည် အနုလောမဥာဏ်ပေည်၏။ ဥပက္ကိလေသကင်းပြီးသော ဥဒယဗ္ဗယဥာဏ်မှစ၍ ဤအနုလောမဥာဏ်တိုင်အောင် ၀ိပဿနာဥာဏ် ၉ ပါးသည် ပဋိပဒါဥာဏဒဿန ၀ိသုဒ္ဓိ မည်၏။ အာရုံနှင့် မှတ်သိမှု ဟူသော သင်္ခါရ အလုံးစုံ ကင်းပြတ်ချုပ်ငြိမ်းရာသို့ ရှေးဦးစွာ ကျရောက်သော အသိဥာဏ်သည် ဂေါတြဘူဥာဏ် မည်၏။ ထိုချုပ်ငြိမ်းမှုထဲ၌ ၀င်ရောက်နေရဘိသကဲ့သို့ မျက်မှောက်တွေ့လျက် တခဏမျှ တည်တံ့နေသော အလယ်ပိုင်းအသိဥာဏ်သည် မဂ်ဥာဏ်မည်၏။ ဥာဏဒဿန၀ိသုဒ္ဓိလည်း မည်၏။ ထိုချုပ်ငြိမ်းမှု၌ ဆက်လက်၍ တည်သော နောက်ဆုံးပိုင်း အသိဥာဏ်သည် ဖိုလ်ဥာဏ်မည်၏။ ဖိုလ်ဥာဏ်ပြီးဆုံးသွားလျှင် အိပ်ပျော်ရာမှ ဘွားကနဲ နိုးလာသကဲ့သို့လည်းကောင်း၊ ရေထဲ၌ ငုပ်နေရာမှ ဘွားကနဲ ရုတ်တရက်ပေါ်လာသကဲ့သို့လည်းကောင်း ရှုမှတ်ခဲ့ပုံနှင့် ချုပ်ငြိမ်းရာသို့ ရောက်သွားပုံများကို ပြန်လှည့်၍ ဆင်ခြင်မိ၏။ ဤဆင်ခြင်မှုသည် ပစ္စဝေက္ခဏာဥာဏ် ပေတည်း။ ထို့နောင် မှတ်မြဲတိုင်း ဆက်၍ မှတ်ပြန်လျှင် မှတ်သိရသော အာရုံများသည် ယခင် အမှတ်ကောင်းခါစကလိုပင် အထည်ဒြဗ်နှင့်တကွ ပီပီသသ ဖြစ်လျက် ထင်ပေါ်နေတတ်ကြ၏။ ဖြစ်မှုပျက်မှုများကို ယခင် မှတ်ကောင်းခါစကလိုပင် ထင်ရှားပီသစွာ သိရ၏။ ဥဒယဗ္ဗယဥာဏ်တစ်ပတ်ပြန်၍ ဖြစ်ပေါ်လာခြင်း ပေတည်း။ ဤအရာ၌ဖြစ်တတ်ပုံ အထူးများနှင့် နိုင်နင်းအောင် တိုးတက်အောင် အားထုတ်ပုံများကို အားထုတ်ပုံ အခန်း နံပါတ် ၈၅ စသည်၌ ပြဆိုထားအပ်ပြီ။ မည်မျှ အရာသာ ကောင်းသော စားဘွယ်ဖြစ်စေကာမူ စားကြည့်မှ ကောင်းကောင်း သိနိုင်သကဲ့သို့ ဤ၌ပြထားသော ဥာဏ်ဖြစ်ပုံ အလုံးစုံကိုလည်း ကိုယ်တိုင် မျက်မှောက်ဆိုက်ရောက်ပြီးမှ ကောင်းကောင်း နားလည်၍ ကောင်းကောင်းသဘောကျ တတ်ကြပေမည်။ ထို့ကြောင့် ယုံမှားမရှိ၊ သဘောကျနိုင်သော အဆင့်အတန်းသို့ တက်လှမ်း ဆိုက်ရောက်နိုင်ကြပါစေ။
(၀ိပဿနာရှုနည်းကျမ်းအကျဉ်းချုပ်၊ မဟာစည်ဆရာတော်)
ကျွန်တော့် blogeသို့ ရောက်ရှိလာကြကုန်သော  အရှင်သူမြတ်အပေါင်းတို့အား ဦးထိပ်ပန်ဆင်လျက် ဓမ္မမိတ်ဆွေ ဦးဦး,ဒေါ်ဒေါ်,အကို,အမ,ညီလေး,ညီမလေးတို့အားလုံးအားလေးစားစွာတောင်းဆိုအပ်ပါသည်။ ကျွန်တော်သည် ပြည့်စုံကျွမ်းကျင်သူ မဟုတ်သော ကြောင့် အစစမှာ လိုအပ်ချက်များစွာရှိနေနိုင်ပါသည်။ထို့အတွက်ကြောင့် ကျွန်တော့်၏ လိုအပ်ချက်များကို ဝေဖန်ဆုံးမ အကြံပေး ပြောကြားလိုပါလျှင် ဤနေရာလေးမှ ကျွန်တော်အား တိုက်ရိုက်ရေးသားပေးပို့ပေးပါရန် တောင်းဆိုအပ်ပါသည်။

Your Name


Your Email*


Your Message*



Blogger dream

Developer

Cras justo odio, dapibus ac facilisis in, egestas eget quam. Curabitur blandit tempus porttitor. Vivamus sagittis lacus vel augue laoreet rutrum faucibus dolor auctor.

0 comments:

Post a Comment